ဗဟုသုတ

အစာအဆိပ်သင့်ရင် ဘယ်လိုအရေးပေါ်ကုသကြမလဲ

အစာအဆိပ်သင့်ရတဲ့ အဓိကအကြောင်းရင်းတွေကတော့ မသန့်ရှင်းတဲ့ အစားအစာ၊ ရေ၊ဓာတုပစ္စည်းတွေပါတဲ့ အစားအသောက်တွေနဲ့ ရက်လွန်နေတဲ့ အစားအသောက်တွေကို စားသုံးမိတာ ပြီးတော့ အဆိပ်အတောက်ဖြစ်စေတဲ့ မှိုနဲ့ သစ်သီးသစ်ဖုတွေကို စားသုံးမိတာတွေပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ မချက်ပြုတ်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသား ငါးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးတဲ့အချိန်အတွင်း အသုံးပြုတဲ့ ပိုးသတ်ဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

 အစာအဆိပ်သင့်ရင် မူးဝေတာ၊ အော့အန်တာ၊ ဝမ်းလျှောတာ၊ ကြွက်တက်တာနဲ့ အဖျားတက်တာ စတဲ့ လက္ခဏာတွေဖြစ်လာပါတတ်ပါတယ်။ ဒီလိုမျိုး လက္ခဏာတွေဖြစ်လာပြီဆိုရင် ကုသနိုင်မယ့်နည်းလမ်းတွေကတော့ ရေကိုနည်းနည်းချင်းစီနဲ့ ခဏခဏသောက်ပေးခြင်းပါပဲ။ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေကို ပြန်လည်စွန့်ထုတ်ဖို့အတွက် ရေ ၊ ဆိုဒါ ဒါမှမဟုတ် ဓာတ်ဆားရည်လိုမျိုး တစ်ခုခုသောက်ပါ။ ဆီးအရောင် ကြည်လာတဲ့အထိ သောက်ပေးပါ။ အစာကြေလွယ်မယ့်အစားအစာမျိုး စားပေးပါ။ ထမင်း၊ ငှက်ပျောသီး၊ ကျောက်ကျောတို့လိုမျိုး အစာချက်မှုကို အထောက်အပံ့ဖြစ်စေတဲ့ အစားမျိုးတွေ စားပေးပါ။ ဒီလိုအချိန်မှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ကော်ဖီ၊ အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ အစားအသောက်တွေကို မစားပါနဲ့။ ရောဂါလက္ခဏာတွေ ပိုမိုဆိုးဝါးလာပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူပါ။