ဆေးစာ လမ်းကြောင်းသစ်

ဟင်းရည်နဲ့ ခံတွင်းမြိန်ဖို့

ဒီလိုဆောင်းအေးအေးမှာ ဒီလိုဟင်းရည်လေးတွေသောက်လိုက်ရရင် အရမ်းကောင်းတယ်။ ပူပူလေးတွေဆိုတော့ နွေးနွေးထွေးထွေးလည်းဖြစ်တယ်။ ချိုချိုချဉ်ချဉ်စပ်စပ်လေးတွေဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုရာသီဥတုမျိုးနဲ့ အကိုက်ပဲနော်။

ငါးဖယ်လုံးဟင်းချို
ဆောင်းအေးအေးမှာ သောက်လို့ကောင်းတဲ့ ဟင်းချိုတွေဆိုတာနဲ့ ငါးဖယ်လုံးဟင်းချိုကိုလည်း ချန်ခဲ့လို့မရပါဘူး။
ပါဝင်ပစ္စည်းတွေကလည်း နည်းနည်းနဲ့ လုပ်နည်းလည်း လွယ်ကူတဲ့အပြင် ဈေးသက်သက်သာသာနဲ့ ဟင်းချိုတစ်ခွက်သောက်လို့ရတယ်။

ပါဝင်ပစ္စည်းများ
ငါးဖယ်
ဟင်းခတ်မှုန့်
ဆား
ဆလက်ရွက်
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်

ပြုလုပ်နည်းများ
အိုးထဲမှာ ရေထည့်ပြီး ကြက်သွန်ဖြူကို ဓါးပြားရိုက်ကာ ဆူအောင်တည်ထားပါ။
ရေပွက်ပွက်ဆူလာတဲ့အခါ ငါးဖယ်ကို အနေတော်လုံးပြီးထည့်ပါ။
ဟင်းခတ်မှုန့်၊ ဆားနှင့် ငရုပ်ကောင်းမှုန့်တို့ကိုလည်း တစ်ခါတည်းထည့်ပြီး တည်ထားလိုက်ပါ။ ငါးဖယ်လုံး ကျက်ခါနီး ဆလက်ရွက်ကို ထည့်လိုက်ပါ။ ပူပူလေးနဲ့ အရသာချိုတဲ့ ငါးဖယ်လုံးဟင်းချိုကို သောက်လို့ရပါပြီ။

တုန်ယမ်းဟင်းရည်
မိုးရာသီနဲ့ဖြစ်ဖြစ် ဘယ်ရာသီမဆို အလိုက်ဖက်ဆုံးက တုန်ယမ်းဟင်းရည်ဆိုရင်လည်း မမှားပါဘူး။ဒါဆိုရင်ရော တုန်ယမ်းဟင်းရည်ကို ဘယ်လိုလုပ်မလဲ။

ပါဝင်ပစ္စည်းများ
ရေ – ၃ ခွက်
ပုစွန်(သို့)ကြက်သား – ၁၅ ကျပ်သား
ခရမ်းချဉ်သီး – ၂ လုံး
သံပုရာသီး – သံပုရာသီး၏အချဉ်ပေါ်မူတည်ပြီး ၄-၆ လုံး
ငရုပ်သီးစိမ်းအနီ – ၈ တောင့်
မှို – လက်တစ်ဆုပ်
ရှောက်ရွက် – ၈ရွက်
စပါးလင် – ၂ တက်
ဂုဏ်မင်း – တစ်လက်မခန့်
ငါးငံပြာရည် – ၂ ဇွန်း
သကြား – ၁ ဇွန်း

ပြုလုပ်နည်း
ပထမဆုံး စပါးလင်၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းအနီ၊မှို၊ဂုဏ်မင်း၊ရှောက်ရွက်၊ သံပုရာသီးတို့ကို လှီးပါ။ရေကို ဆူအောင်တည်ပါ။ရေဆူလျှင် လှီးထားသော စပါးလင်၊ ဂုဏ်မင်း နှင့် ရှောက်ရွက်တို့ကို ထည့်ပါ။၅ မိနစ်ခန့်ကြာလျှင် ပုစွန်ကိုထည့်ပါ။လှီးထားသော ငရုပ်သီးစိမ်းအနီကို ထည့်ပါ။၅ မိနစ်ခန့်ကြာလျှင် မှိုကိုထည့်ပါ။၂ မိနစ်ခန့်ကြာလျှင် ခရမ်းချဉ်သီးကိုထည့်ပါ။၅ မိနစ်ခန့်ကြာလျှင် ငါးငံပြာရည်ကို ထည့်ပါ။ငံပြာရည်ထည့်ပြီးလျှင် သကြားထပ်ထည့်ပါ။အရေးကြီးဆုံး အချက်အနေနဲ့ ကိုယ်ကြိုက်နှစ်သက်လောက်မည့် အနေအထားရောက်သည်အထိ သံပုရာသီးကို ညှစ်ပါ။နောက်ဆုံးမှာ အရမ်းကို အရသာရှိလှတဲ့ တုန်ယမ်းဟင်းရည်ကောင်းကောင်းတစ်ခွက်ကို ရရှိမှာဖြစ်ပါတယ်။

မျှစ်ချဉ်စပ်ဟင်းရည်
မိုးအေးအေးမှာ ဒီလို ချဉ်ချဉ်စပ်စပ်လေးစားရတာကလည်း ထမင်းစားရတာ တကယ်ကို ခံတွင်းမြိန်စေပါတယ်။ပူပူစပ်စပ်လေးနဲ့ မွှေးမွှေးလေးဆိုတော့ အနံ့လေးမှာတင် ဆွဲဆောင်နေပါပြီ။မျှစ်ချဉ်စပ်ဟင်းရည် ပြုလုပ်ဖို့ ဘာတွေလိုမလဲ။
မျှစ်ချဉ်စပ်ဟင်းရည် ပြုလုပ်ဖို့ ပါဝင်ပစ္စည်းတွေက
မျှစ်ချဉ်
ငရုပ်သီးစိမ်း
ပုစွန်ခြောက်
ဂေါ်ရဂါးညွှန့်
ဟင်းခတ်မှုန့်
ဆား
ကြက်သွန်ဖြူ

ပြုလုပ်နည်း
အရင်ဦးဆုံး ရေသေချာဆေးပြီး ရေတစ်ရေလောက်ပြုတ်ပေးပါ။
တစ်ရေလောက်ပြုတ်ပြီးရင် မျှစ်ကိုဖယ်ပြီး ရေကိုသွန်လိုက်ပါ။
အိုးထဲကို ရေအသစ်ထပ်ထည့်ပြီး ကြက်သွန်ဖြူကို ဓါးပြားရိုက်ကာ ထည့်လိုက်ပါ။ရေဆူလာလျှင် မျှစ်ကိုထည့်ပြီး ငရုပ်သီးစိမ်း၊ ပုစွန်ခြောက်၊ဟင်းခတ်မှုန့်နှင့် ဆားတို့ကိုထည့်ပါ။ ရေဆူလာပြီး မျှစ်အခြေအနေကိုကြည့်ကာ အရသာကိုမြည်းကြည့်ပါ။ အရသာအနေတော်ဖြစ်သွားလျှင်ဂေါ်ရဂါးညွှန့်ကိုထည့်လိုက်ပါ။ ပြီးလျှင် ပူပူနွေးနွေးချဉ်ချဉ်စပ်စပ် မျှစ်ချဉ်ဟင်းရည်ကို သောက်သုံးလို့ရပါပြီ။