မှိုက အနောက်တိုင်းမှာတော့ ပီဇာတို့ ပါစတာတို့ အသုပ်တို့လိုမျိုး အစားအသောက်တွေအတွက်တော့ မရှိမဖြစ်ပါပဲ။ မြန်မာတွေရဲ့ ထမင်းပွဲမှာလည်း ကန်စွန်းရွက်နဲ့ တွဲကြော်တာပဲဖြစ်ဖြစ် ဟင်းချိုလေးလုပ်သောက်တာပဲဖြစ်ဖြစ် မှိုဟင်းလေးတစ်ခွက်ပါရင် ထမင်းမြိန်ကြရတာပါပဲ။ မှိုတွေကို ဈေးတွေမှာ လွယ်လွယ်ကူကူ ဝယ်လို့ရတယ်ဆိုပေမဲ့ အခွင့်အခါရလို့ ကိုယ်တိုင်မှိုချိုးရတဲ့အခါ အဆိပ်မရှိတဲ့ စားလို့ရတဲ့မှိုတွေကို ရွေးချယ်နိုင်စေဖို့ အဆိပ်ရှိတဲ့မှိုတွေအကြောင်းကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ရပါတယ်။
ကမ္ဘာပေါ်မှာ မှိုအမျိုးအစားပေါင်း ၁၀၀၀ ကျော်ရှိပြီးတော့ မှိုအမျိုးအစား ၅၀ မှ ၁၀၀ ကျော်လောက်ဟာ အဆိပ်ရှိပါတယ်။ တချို့မှိုတွေဟာ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။
အဆိပ်ရှိတဲ့မှိုဆိုတာကို သိနိုင်မယ့်အလွယ်နည်းကတော့ အဆိပ်ရှိတဲ့မှိုတွေက ဆွတ်ဆွတ်ဖြူတာ ဒါမှမဟုတ် အနီရောင် ပန်းရောင်လိုမျိုး အရောင်တောက်တောက်ရှိတတ်ကြပါတယ်။ အညိုရောင်မှိုပွင့်အကြီးကြီးတွေနဲ့ သေးသေးလေးတွေမှာလည်း အဆိပ်ရှိပါတယ်။ တခြားသိနိုင်တဲ့အချက်တွေကတော့ မှိုရိုးကို လက်နဲ့ခြေကြည့်ရင် ကြေမွသွားတာမျိုး၊ မှိုထိပ်ပွင့်မှာ အကြေးခွံလိုမျိုး အဖတ်ကလေးတွေပါတာ၊ မှိုရိုးတံမှာ ခြေချင်းဝတ်လိုမျိုး အရစ်ပါတာမျိုးတွေ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ မှိုကိုလက်နဲ့ပွတ်ခြေလိုက်သည့်အခါ အနီရောင်အရည်ထွက်တာ၊ မှိုပေါ်ဆားဖြူးကြည့်တဲ့အခါ မဲသွားတာ မှိုရိုးကို ဓားနဲ့ဖြတ်လိုက်ရင် ညိုလာတာ ဒါမှမဟုတ် ပြာလာတာမျိုးဆို အဆိပ်ရှိပါတယ်။
မှိုအဆိပ်က ချက်ပြုတ်လိုက်တာနဲ့ ပျောက်သွားခြင်းမျိုး မရှိပါဘူး။ မှိုအဆိပ်သင့်ရင် ဖြစ်တဲ့လက္ခဏာတွေကတော့
– ဗိုက်အောင့်တာ
– ချွေးစေးတွေပြန်တာ
– မအီမသာဖြစ်တာ
– ပျို့အန်တာ
– ဝမ်းလျှောတာ
– အဖျားတက်တာ
– အမြင်အာရုံဝေဝါးလာတာ
– ခေါင်းမူးတာ
– သတိလစ်တာ
– အသက်ရှူရခက်တာ
– ရေတအားငတ်တာ စတာတွေ ဖြစ်လာတတ်ပါတယ်။
ဒီလို လက္ခဏာတွေ ရုတ်တရတ်ဖြစ်လာပြီဆိုရင်တော့ ရေ (၅) ခွက် (၆) ခွက်လောက် သောက်ပြီး အန်ပြစ်ပါ။ ပြီးရင်တော့ နီးစပ်ရာ ကျန်းမာရေးဌာနတွေဆီမှာ အမြန်ဆုံးသွားရောက်ပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို အမြဲတမ်းတင်ဆက်ပေးနေမှာမို့ yathar magazine ကို အမြဲတမ်းစောင့်ကြည့်ပေးဖို့ မမေ့ကြပါနဲ့နော်။