ကျန်းမာ & အလှအပ

အမြင်အာရုံတွေကို ကျန်းမာနေစေဖို့

မျက်လုံးဆိုတာက လူတစ်ယောက်မှာ အရေးအကြီးဆုံးအစိတ်အပိုင်းပါပဲ။ အမြင်အာရုံကြောင့် ဒီကမ္ဘာကြီးကို ကျွန်တော်တို့တွေ့မြင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သော မျက်စိရောဂါတွေက အမြင်အာရုံကွယ်သွားတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် အမြင်အာရုံနဲ့ ပတ်သတ်တဲ့ရောဂါတွေဆိုရင် ကြိုတင်သိပြီးတော့ ကုသဖို့က အရေးကြီးပါတယ်။ ဘယ်လိုပဲ ကုသတယ်ပဲပြောပြော ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်သလိုမျိုး မျက်လုံးလေးတွေကို ကျန်းမာနေအောင် ဂရုစိုက်ပေးသင့်ပါတယ်။

မျက်လုံးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို အောက်မှာဆက်ပြောပြပေးမယ်နော်။

ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားပါ သင့်ရဲ့တစ်နေ့တာ စားသောက်တဲ့အစားအစာထဲမှာ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေများများ ပါသင့်ပါတယ်။ Omega 3 ကြွယ်ဝတဲ့ ငါးတွေ ဥပမာ ဆယ်လ်မွန် ၊ တူနာ စတဲ့ငါးတွေစားပေးခြင်းကလည်း သင့်မျက်စိကို အားကောင်းစေပါတယ်။

ကျန်းမာတဲ့ကိုယ်ခန္ဓာအလေးချိန်တစ်ခုကို ထိန်းထားပါ အဝလွန်တာက ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဆီးချိုသွေးချိုရောဂါရှိခြင်းက ဆီးချိုရဲ့နောက်ဆက်တွဲရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ လေ့ကျင့်ခန်းပုံမှန်လုပ်တာက ဆီးချိုသွေးချိုရောဂါ ၊ သွေးတိုးရောဂါ နဲ့ သွေးတွင်းကိုလက်စထရောများတဲ့ရောဂါတွေကို ကာကွယ်ထိန်းချုပ်နိုင်ပါတယ်။ ဒီရောဂါတွေက အမြင်အာရုံနဲ့ပတ်သတ်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဒီရောဂါတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

.

နေကာမျက်မှန်တပ်ပါ နေရောင်ခြည်က သင့်မျက်လုံးကို ထိခိုက်စေနိုင်ပြီးတော့ မျက်စိအတွင်းတိမ်ဖြစ်စေနိုင်ပါတယ်။ UV-A နဲ့ UV-B ကို ၉၉ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်မျိုးတပ်ပြီးတော့ သင့်မျက်လုံးကို ကာကွယ်ပါ။

မျက်လုံးအတွက် အကာအကွယ်ဝတ်ပါ မျက်လုံးကို ထိခိုက်ခြင်းများမှ ကာကွယ်နိုင်ဖို့အတွက် အားကစားတွေကစားတဲ့အခါ မျက်လုံးအကာအကွယ်တွေ ဝတ်ဆင်သင့်ပါတယ်။ စက်ရုံ အလုပ်ရုံ သို့မဟုတ် ဆောက်လုပ်ရေး လုပ်ငန်းများမှာ အလုပ်လုပ်ကြတဲ့လူတွေအနေနဲ့လည်း မျက်လုံးအတွက် အကာအကွယ်တွေ ဝတ်ဆင်သင့်ပါတယ်။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ ဆေးလိပ်သောက်ခြင်းက အသက်အရွယ်ကြီးရင့်လာရင် ဖြစ်တတ်တဲ့မျက်စိရောဂါတွေ ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ အတွင်းတိမ်စွဲတာမျိုးက အမြင်အာရုံကြောတွေကို ထိခိုက်ပျက်စီးစေပါတယ်။

သင့်မိသားစုရဲ့ ဆေးမှတ်တမ်းကို သတိပြုပါ အချို့သောမျက်စိရောဂါတွေက မျိုးရိုးလိုက်တတ်ပါတယ်။ အဲဒါကြောင့် သင်တို့မိသားစုထဲက တစ်ယောက်ယောက်က မျက်လုံးနဲ့ပတ်သတ်တဲ့ရောဂါ ဖြစ်ဖူးလားဆိုတာက အရေးကြီးပါတယ်။  ဒါကိုသိမှာသာ သင့်အနေနဲ့ မျက်စိရောဂါဖြစ်နိုင်ခြေရှိမရှိကို သိနိုင်မှာဖြစ်ပါတယ်။

တခြားဖြစ်နိုင်ခြေရှိတဲ့ ရောဂါလက္ခဏာတွေကိုလည်း သတိရှိပါ အသက်အရွယ်ရလာတာနဲ့အမျှ အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေ ဖြစ်နိုင်ခြေက မြင့်တက်လာပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ရောဂါဝေဒနာတွေကို သိထားပြီး သင့်ရဲ့နေထိုင်မှုအပြုအမူတွေကို ဆင်ခြင်လိုက်မယ်ဆိုပါက ဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်ပါတယ်။

မျက်ကပ်မှန်တပ်ပါက မျက်လုံးထဲပိုးမဝင်အောင် စနစ်တကျလုပ်ဆောင်ပါ မျက်ကပ်မှန်တပ်မယ် ချွတ်မယ်ဆို လက်ကိုသေချာစွာ သန့်စင်ပါ။ မျက်ကပ်မှန်ကိုလည်း နည်းစနစ်မှန်မှန် ဆေးကြောပါ။ လိုအပ်လျှင် အသစ်လဲလှယ်ပါ။

သင့်မျက်လုံးကို အနားပေးပါ သင့်အနေနဲ့ ကွန်ပြူတာသုံးချိန်အရမ်းများသွားပြီး မျက်စိတွေညောင်းလာရင် သင့်မျက်လုံးကို ခဏအနားပေးလိုက်ပါ။ မျက်လုံးတွေညောင်းလာရင် ၂၀-၂၀-၂၀ နည်းလမ်းကို အမှတ်ရပါ။

မိနစ် ၂၀ ကြာတိုင်း သင့်နေရာကနေ ပေ ၂၀ လောက်ကွာတဲ့နေရာကို စက္ကန့် ၂၀ လောက်ကြည့်ပေးပါ။