ကျန်းမာ & အလှအပ

စိတ်ဖိစီးမှုများနဲ့ ကင်းဝေးရာ

ကျွန်တော်တို့နေ့စဥ်ဘဝမှာ အကြောင်းအရာအမျိုးမျိုးကြောင့် စိတ်ဖိစီးစရာတွေ ကြုံတွေ့ရတတ်ပါတယ်။

စိတ်ဖိစီးမှုတွေကို မဖြေဖျောက်နိုင်တဲ့အခါ ကျန်းမာရေးကိုပါထိခိုက်လာစေနိုင်ပါတယ်။

အဲဒီတော့ ဒီလိုစိတ်ဖိစီးမှုတွေကနေ လွတ်ကင်းဖို့အတွက် နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။

အိပ်ရေးဝဝအိပ်စက်ပါ။

အိပ်ရေးပျက်ခြင်းက စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကလည်း ကျွန်တော်တို့ရဲ့ အိပ်စက်ခြင်းတွေကို နှောင့်ယှက်နိုင်ပါတယ်။ ဟိုတွေးဒီတွေးနဲ့ အိပ်မပျော်လို့ မိုးလင်းသွားတာမျိုးတွေ ကြုံဖူးကြမှာပါ။ အတွေးတွေကိုရပ်တန့်ပြီးတော့ အိပ်ပျော်အောင် ကြိုးစားကြည့်ပါ။

တစ်ယောက်ယောက်နဲ့ စကားပြောပါ။

စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ပဲဖြစ်ဖြစ် စကားပြောပါ။ သင်ခံစားနေရတာတွေ ဖွင့်ထုတ်လိုက်တာက သင့်စိတ်ကိုသက်သာစေမှာပါ။ ဒီလိုတစ်ယောက်ယောက်နဲ့ စကားပြောတာမျိုးက သင့်ကိုတခြားအတွေးတွေမတွေးမိအောင်လည်း ကူညီပေးရာရောက်ပါတယ်။

သင်စိတ်ဖိစီးရတဲ့အကြောင်းတွေကို နေ့စဥ်ဒိုင်ယာရီရေးပါ။

သင့်စိတ်ကို နေ့စဥ်ဖိစီးနေတဲ့အကြောင်းတွေကိ ဒိုင်ယာရီရေးပါ။ သုံးလေးပတ်လောက်ရေးပါ။ ပြီး ဒီမှတ်တမ်းကိုပြန်ဖတ်ပြီး သင့်စိတ်ကို ဘယ်အရာကအနှောင့်အယှက်ပေးနေတာလဲဆိုတာ သိနိုင်ပါတယ်။

ငြင်းဖို့ အားမနာပါနဲ့

စိတ်ဖိစီးလာရတဲ့အကြမ်းဖျင်းအကြောင်းအရင်းကတော့ လုပ်စရာတွေကများပြီး အချိန်မလောက်တဲ့ပြဿနာပဲ ဖြစ်ပါတယ်။  ဒီအခြေအနေကို ဖြေရှင်းနိုင်တာကတော့ သင်ကိုယ်တိုင်ပါပဲ။ ကိုယ်မလုပ်နိုင်တဲ့ကိစ္စတွေကို အားနာပြီး ခေါင်းမညိတ်ပါနဲ့။

အနားယူပါ

စိတ်ဖိစီးပြီး အရမ်းပင်ပန်းလာရင် အနားယူလိုက်ပါ။ ပင်ပန်းစရာတွေကို သယ်ပိုးမထားပါနဲ့။ ကောင်းမွန်တဲ့အနားယူခြင်းက သင့်စိတ်ကိုရော လူကိုယ်ပါ ပြန်ကျန်းမာလာစေနိုင်ပါတယ်။ ခရီးထွက်ပြီး အနားယူခြင်းက အကောင်းဆုံးပါပဲ။

ဒီနည်းလမ်းလေးတွေကို လိုက်နာကြပြီးတော့ စိတ်ဖိစီးမှုကင်းဝေးတဲ့ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။