လူသားတိုင်းက လှကြပါတယ်။ ဒါပေမဲ့ ထူးခြားတဲ့အလှတရားတွေကို သတ်မှတ်တဲ့ နိုင်ငံတိုင်းရဲ့ Beauty Standard တွေက သင့်ကို အံ့အားသင့်စေမှာပါ။ Beauty Standard တွေက ခေတ်ကာလနဲ့အညီ ပြောင်လဲနေပြီးတော့ ဒီအလှစံနှုန်းတွေက ကျွန်တော်တို့ရဲ့ နေ့စဥ်လှုပ်ရှားနေတဲ့ဘဝတွေနဲ့ပါ သက်ဆိုင်နေပါတယ်။ ဥပမာ ဆံပင်ပုံစံတစ်ခုကို ရွေးပြီးတော့ ညှပ်လိုက်တယ်ဆိုပါစို့။ ဒီဆံပင်ပုံစံက အမေရိကမှာတော့ လှချင်လှနေနိုင်ပေမယ့် ဘရာဇီးတို့ ဂျပန်နိုင်ငံတွေမှာတော့ လှချင်မှ လှပါလိမ့်မယ်။ ဒါကတော့ နိုင်ငံတွေအလိုက် ကွာခြားတဲ့ Beauty Standard တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကမ္ဘာပေါ်က ထူးခြားတဲ့ Beauty Standard တွေအကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ
အမေရိကန်နိုင်ငံမှာတော့ သွားထပ်ပါနေရင် သွားဆရာဝန်ဆီမှာ သွားနှုတ်ပြီးတော့ သွားညှိကုသမှုကို ခံယူလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဂျပန်လူမျိုးတွေကတော့ သွားထပ်ပါတာကို ဂုဏ်ယူကြပါတယ်။ ဂျပန်လူမျိုးတွေကတော့ သွားထပ်ပါတဲ့လူက ပိုလှတယ် ပိုကြည့်ကောင်းတယ်လို့ ယူဆကြပါတယ်။ သင့်မှာ သွားထပ်ပါနေလို့ သွားညှိကုသမှု ခံယူမယ့်အစား ဂျပန်နိုင်ငံကို သွားမယ်ဆိုရင် ပိုကောင်းပါတယ်။
ကိုရီးယား
အလှအပလို့ဆိုလိုက်တာနဲ့ ကိုရီးယားလူမျိုးတွေကတော့ အသားအရည်လှပမှုကို ရှေ့တန်းတင်ကြပါတယ်။ အသားအရည်ဖြူဖြူကြည်ကြည်လေးကို ကိုရီးယားမိန်းကလေးတိုင်း မက်မောကြပါတယ်။ အသားခပ်ညိုညို tanned skin ကို ကြိုက်ကြတဲ့ အနောက်နိုင်ငံတွေနဲ့တော့ ကွဲပြားပါတယ်။ အသားအရည်လှပမှုကို အလေးထားတဲ့ ကိုရီးယားနိုင်ငံရဲ့ skincare product တွေက အခုနောက်ပိုင်းမှာ တော်တော်လေးကို နာမည်ကြီးပါတယ်။ မြန်မာပြည်က မိန်းကလေးတွေ တော်တော်များများလည်း ကိုရီးယား brand cosmetics နဲ့ skincare product တွေကို တော်တော်လေး အသုံးပြုလာကြပါတယ်။
အီသီယိုးပီးယား
ကျွန်တော်တို့ တော်တော်များများကတော့ မျက်နှာပေါ်မှာ အမာရွတ်တွေ ဖြစ်မှာကို အရမ်းကြောက်ကြပါတယ်။ ဒါပေမဲ့ အီသီယိုးပီးယားနိုင်ငံမှာရှိတဲ့ karo လူမျိုးစုတွေကတော့ မျက်နှာမှာ အမာရွတ်တွေကို တမင်ပြုလုပ်ပြီးတော့ လှပမှုဂုဏ်ကို ခံယူကြပါတယ်။ အမျိုးသားတွေအနေနဲ့ကတော့ ဒီမျက်နှာပေါ်က အမာရွတ်တွေက အရွယ်ရောက်ပြီဆိုတာကို ဖော်ပြပါတယ်။
ပြင်သစ်
ပြင်သစ်မှာတော့ မိတ်ကပ်တွေ မလိမ်းခြယ်ထားတဲ့ သဘာဝအတိုင်းလေးက အလှဆုံးပါပဲတဲ့။ ပြင်သစ်အမျိုးသမီးတွေက သူတို့မှာရှိတဲ့ cosmetics တွေကို လွှင့်ပစ်ဖို့ကို ဝန်လေးမှာ မဟုတ်ပါဘူး။ သူတို့ဆီမှာ “no-makeup makeup” ဆိုတဲ့ looks တစ်မျိုးရှိပါတယ်။ ဘာမှမလိမ်းခြယ်ထားတဲ့ သဘာဝအတိုင်းလေးက အလှဆုံးပါပဲတဲ့။ ကဲ ဘယ်လောက်တောင် လွတ်လပ်ပေါ့ပါးလိုက်သလဲ။
နယူးဇီလန်
နယူးဇီလန်မှာရှိတဲ့ Maori လူမျိုးတွေမှာတော့ မေးစေ့မှာ တက်တူးရှိတဲ့ အမျိုးသမီးတွေက လှပါတယ်တဲ့။
ဒီလူမျိုး အမျိုးသမီးတွေက မေးစေ့မှာ တက်တူးထိုးပြီးတော့ အလှဆင်လေ့ရှိကြပါတယ်။ ဒီလို မေးစေ့မှာ တက်တူးထိုးတာကို Ta-moko လို့ ခေါ်ပါတယ်တဲ့။
ကယန်းလူမျိုး
မြန်မာပြည်မှာရှိတဲ့ ကယန်းလူမျိုးတွေကိုတော့ စာဖတ်သူတွေ သိကြမှာပါ။ ဒီ ကယန်းလူမျိုးတွေကတော့ လည်ပင်းမှာ ကြေးကွင်းတွေ စွပ်ပြီး လည်ပင်းရှည်လာအောင် လုပ်ကြပါတယ်။ ဒီလိုကြေးကွင်းတွေစွပ်တာကို အသက် ၅ နှစ်လောက်မှာ စပြီးတော့ လုပ်ကြလေ့ရှိပါတယ်။ ကယန်းလူမျိုးတွေက လည်ပင်းရှည်မှ လှတယ်လို့ ယူဆကြတဲ့အတွက် ဒီလိုမျိုး လည်ပင်းမှာ ကြေးကွင်းတွေ တစ်ခွေပြီးတစ်ခွေ ဝတ်ဆင်ပြီး လည်ပင်းကိုရှည်လာအောင် ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။
ကင်ညာ
ကင်ညာနိုင်ငံရဲ့ Beauty Standard ကတော့ နားပေါက်အကျယ်ကြီး ရှိတာနဲ့ ကတုံးဖြစ်နေတာပါ။ ဒီအလှအပစံနှုန်းကို အာဖရိကတိုက်ရဲ့ နေရာတော်တော်များများမှာ တွေ့ရလေ့ရှိပါတယ်။ အဲဒါကြောင့် အာဖရိကတိုက်က အမျိုးသမီးတွေက နားပေါက်ကို အကျယ်ကြီးချဲ့ကြပြီးတော့ ကတုံးတုံးကြပါတယ်။ ဒီလိုပြုလုပ်တာက သူတို့ကို ပိုလှစေတယ်လို့ ခံစားရစေပါတယ်။
အခုဖော်ပြပေးခဲ့တာကတော့ ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ ရှိကြတဲ့ မတူကွဲပြားတဲ့ အလှအပစံသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ အလှအပကို သတ်မှတ်ကြပေမယ့်လည်း မိန်းကလေးတိုင်းမှာ ကိုယ်ပိုင်အလှကိုယ်စီ ရှိကြတယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။