ဗဟုသုတ

အာလူးကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ စာ

အိမ်ရှင်မတွေ တစ်ပတ်တစ်ခါဈေးဝယ်ကြတဲ့အခါ အာလူးတွေကိုရော ကြာကြာခံအောင်ဘယ်လိုထားကြမလဲဆိုတဲ့အချက်ကလည်း အရေးကြီးလာပါတယ်။ အာလူးဆိုတဲ့အမျိုးကလည်း နည်းနည်းကြာတာနဲ့ အပင်ပေါက်လာတတ်ပါတယ်။ အပင်ပေါက်တဲ့ အာလူးကို စားသုံးဖို့ကတော့ မသင့်တော်ပါဘူးနော်။ အဲ့ဒါကြောင့် အာလူးတွေကို မချက်ဖြစ်သေးတဲ့အချိန်ထိ ဘယ်လိုမျိုးထိန်းသိမ်းထားတာက ပိုကောင်းနိုင်လဲ ပိုပြီးကြာကြာခံနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

အာလူးကို ထိန်းသိမ်းထားနိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့ အေးပြီးတော့ အရိပ်ရတဲ့နေရာမှာ ဇကာပေါက်ပါတဲ့ ခြင်းထဲမှာ ထိန်းသိမ်းထားခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ခြင်းတောင်းမရှိရင်လည်း မပူတဲ့နေရာမျိုး အခန်းထောင့်နေရာမျိုးမှာ ထိန်းသိမ်းထားမယ်ဆိုရင်လည်း ကြာကြာအထားခံပါတယ်။

အာလူးကို စက္ကူဘူး၊ စက္ကူအိတ် ဒါမှမဟုတ် အဝတ်ခြင်းတောင်းထဲမှာ သိမ်းထားနိုင်ပါတယ်။ ပလတ်စတစ်ထဲမှာတော့ လုံးဝမထည့်ထားပါနဲ့။ ပလတ်စတစ်က အစိုပြန်တတ်တာကြောင့် အာလူးကို ထိန်းသိမ်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အာလူးတွေကို ပန်းသီးတွေ ဒါမှမဟုတ် Fresh Fruit တွေ ထားတဲ့နားမှာ လုံးဝမထားပါနဲ့။ အာလူးတွေက သိမ်းထားတာကြာလာတာနဲ့အမျှ ကဆီဓါတ်ကနေ သကြားဓါတ်ကို ပြောင်းလဲပေးနိုင်တာကြောင့်ကြာလေ ပိုချိုလေ ဖြစ်မှာပါ။

အာလူးက အလင်းရောင် တိုက်ရိုက်ထိတွေ့ရတဲ့အခါ အစိမ်းရောင်ဖြစ်လာတတ်ပါတယ်။ တကယ်လို့ အစိမ်းရောင်ဖြစ်လာပြီဆိုရင်တော့ အရသာခါးလာတတ်ပြီးတော့ အဲ့အစိမ်းရောင်က အဆိပ်ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် အာလူးခွာလို့ အစိမ်းရောင်ကိုတွေ့တာနဲ့ အစိမ်းရောင်ကုန်တဲ့အထိ လှီးထုတ်လိုက်ပါ။

တကယ်လို့ အာလူးကို အသုံးမပြုသေးဘူးဆိုရင် လုံးဝမလှီးသင့်ပါဘူး။ လှီးလိုက်တဲ့အခါ ပုပ်စေနိုင်တဲ့ ပိုးမွှားတွေ တွယ်ကပ်လာနိုင်တာကြောင့် အသုံးမပြုသေးဘူးဆိုရင်တော့ လုံးဝမလှီးလိုက်ပါနဲ့။

ဒီလောက်ဆိုရင်တော့ အာလူးနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ သိသွားနိုင်မယ်လို့ထင်ပါတယ်။
အဲ့ဒါကြောင့် အိမ်မှာ အာလူးကို သိမ်းထားတဲ့အခါ ဖြစ်တတ်တဲ့အမှားတွေကို ဒီစာလေးကို ဖတ်ပြီး နားလည်သွားနိုင်မှာပါ။