ကျန်းမာ & အလှအပ

မျက်နှာလေး အမြဲ glow နေအောင်

အခုခေတ်မှာ မိန်းကလေးရော ယောက်ျားလေးပါ အသားအရည်ကို ဂရုစိုက်လာကြပါတယ်။

မျက်နှာ သန့်သန့်ကြည်ကြည်လေးနဲ့ glow နေရင် ဘာမှမလိမ်းထားလည်း လှတာပေါ့နော်။

အရမ်းလွယ်ကူပြီးတော့ ခက်ခက်ခဲခဲလုပ်စရာမလိုဘဲ အသားအရည်လေး glow လာစေနိုင်တဲ့ နည်းလမ်းလေး (၈) မျိုးကို ပြောပြပေးမယ်နော်။

(၁) တစ်နေ့ကို ၇ နာရီပြည့်အောင် အိပ်စက်ပါ။

လှဖို့အတွက် အိပ်စက်ကြတယ်ဆိုတာ တကယ်ပါ။ အိပ်ရေးမဝရင်  အသားအရည်လေးက ဘယ်လိုမှ မ glow နိုင်ပါဘူးနော်။ ဘာလို့လဲဆိုတော့ အိပ်ရေးပျက်ခြင်းက မျက်လုံးတစ်ဝိုက်မှာ အညိုအမဲတွေကို ဖြစ်စေနိုင်ပြီးတော့ အသားအရည်ကိုလည်း မွဲခြောက်စေတဲ့ ရောင်ခြယ်ဓာတ်တွေကို ပိုထုတ်လုပ်ပေးပါတယ်။

(၂) ရေဓာတ်ပြည့်ဝအောင်နေပါ။

တစ်နေကုန်ရေဓာတ်ပြည့်ဝပြီးတော့ အသားအရည်လေးနူးညံ့ပြီး မွဲမွဲခြောက်ခြောက်ဖြစ်မနေအောင် တစ်နေ့ကို ရေ ၁.၅ လီတာကနေ ၂ လီတာလောက် သောက်သုံးပေးပါနော်။

(၃) သကြားဓာတ်အများကြီး စားသုံးခြင်းကို ရှောင်ကြဥ်ပါ။

ချိုတဲ့မုန့်တွေက သင့်ရဲ့ခါးနဲ့အသားအရည်အတွက် အနှောင့်အယှက်ပါပဲ။ ဘာလို့လဲဆိုတော့ သကြားဓာတ်က အသားအရည်ကို အိုမင်းစေပါတယ်။ သကြားဓာတ်များတဲ့ အစားအသောက်တွေက cortisol တွေအများကြီး ထွက်လာစေပြီးတော့ ဒီဓာတ်က ခန္ဓာကိုယ်တွက်း collagen  ထုတ်လုပ်မှုကို နှေးကွေးသွားစေပါတယ်။

(၄) ညအိပ်ရာဝင်တိုင်း မျက်နှာကို သန့်စင်ပေးပါ။

တစ်နေ့တာလုံး မျက်နှာပေါ်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို သန့်စင်ဆေးကြောဖို့အတွက် ညအိပ်ရာမဝင်ခင် မျက်နှာကိုသန့်စင်ပေးဖို့က အရေးကြီးပါတယ်နော်။ အိပ်ရာမဝင်ခင်ကို မျက်နှာအသားအရည်ကို ညစ်နွမ်းစေတဲ့ မိတ်ကပ်တွေ အညစ်အကြေးတွေကို အချိန်ယူပြီး ဂရုတစိုက်လေးဆေးကြောပေးဖို့လိုအပ်ပါတယ်နော်။

(၅) Glitter လေးတွေသုံးပေးပါ။

တစ်နေ့တာလုံး မျက်နှာလေး glow နေဖို့အတွက်ကို မိတ်ကပ်ပြင်ရင် ပါးရိုးတစ်လျှောက် ၊ နဖူးအလယ် ၊ နှုတ်ခမ်းနဲ့ နှာခေါင်းကြားကအချိုင့်နေရာ ၊ မေးစေ့အလယ် ၊ မျက်ခုံးအ‌ပေါ်နားနဲ့ မျက်ခုံးနှစ်ခုကြားတို့ကို glitter   လေးလိမ်းပေးပါ။ ပိုပြီးတော့ တောက်ပြောင်တဲ့ အသွင်အပြင်လေးကိုရဖို့အတွက် မျက်လုံးအတွင်းထောင့်နဲ့ မျက်ခွံအလယ်ကိုပါ လိမ်းပေးပါနော်။

(၆) ဆဲလ်သေများကို ဖယ်ရှားပေးပါ။

မျက်နှာကြည်ကြည်လေးဖြစ်ဖို့အတွက် တစ်ပတ်ကိုနှစ်ခါလောက် ဆဲလ်သေတွေကို ဖယ်ရှားပေးသင့်ပါတယ်။ တစ်ပတ်ကိုနှစ်ခါလောက် scrub လုပ်တာ ဒါမှမဟုတ် ပေါင်းတင်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ Mask လေးတွေ ကပ်ပေးရင်လည်း အိုကေပါတယ်နော်။

(၇) အသားအရည်ကို ရေဓာတ်ဖြည့်ပါ

ကျန်းမာပြီး ကြည်လင်တဲ့အသားအရည်လေးရဖို့ဆိုရင်တော့ အသားအရည်ကို ရေဓာတ်ပြည့်ဝအောင်ထားဖို့က အထူးလိုအပ်ပါတယ်။ အသားအရည်လေးရေဓာတ်ပြည့်ဝနေဖို့ဆိုရင် ရေများများသောက်ပေးရမှာဖြစ်သလို moisturizer လိမ်းပေးဖို့လည်း လိုပါတယ်။

(၈)  မိမိအသားအရည်ရဲ့ ပြဿနာကိုဖြေရှင်းပါ

မိမိရဲ့မျက်နှာအသားအရည်က ခြောက်သွေ့တာလား ကြမ်းတမ်းတာလား မျက်နှာမှာအညိုကွက်တွေကရှိတာလား

အဆီပြန်တဲ့အသားအရည်လား ဝက်ခြံထွက်တတ်တဲ့ အသားအရည်မျိုးလား ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်ကတော့ မိမိအသားအရည်နဲ့ သင့်တော်တဲ့ serum မျိုးကို လိမ်းပေးသင့်ပါတယ်။

ဒီလွယ်ကူတဲ့ အချက်လေး (၈) ချက်ကို လိုက်လုပ်ကြပြီးတော့ ကြည်လင်ပြီးတောက်ပတဲ့ glowing face လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။